Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

နိုင်ငံခြား ငွေကြေးသုံးမျိုး ထည့်သွင်းနိုင်သည့် VISA ကတ် စသုံးနိုင်




စင်ကာပူဒေါ်လာ၊ ယူရို၊ အမေရိကန် ဒေါ်လာငွေသုံးမျိုး ထည့်သွင်း၍ နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် မြန်မာ့ရှေ့ဆောင်ဘဏ်၏ MAB Multi-Currency Travel Prepaid Card ကတ်ကို နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ယင်းဘဏ်အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမင်းခိုင်က ပြောကြားသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးလုပ်ငန်း VISA တို့မှ ပူးပေါင်း ထုတ်လုပ်သည့် အဆိုပါကတ်သည် မြန်မာနိုင်ငံမှအပ ကမ္ဘာတစ်ဝန်းလုံးရှိ VISA နှင့် ချိတ်ဆက်ထားသော ATM စက်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် သုံးစွဲနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ တွင်မူ နိုင်ငံခြား အွန်လိုင်း စတိုးများတွင် ဈေးဝယ်ယူရာတွင်သာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးဆောင်စရာ မလိုဘူး” ဟု ဦးဝင်းမင်းခိုင်က ဆိုသည်။

မြန်မာနိုင်ငံ ငွေဖြည့်၍ နိုင်ငံတကာတွင် သွားရောက် သုံးစွဲနိုင်သည့်အတွက် ကောင်းမွန်သော်လည်း ပြည်တွင်းတွင် ပြန်လည် ထုတ်ယူသုံးစွဲ၍ မရနိုင်သည့်အတွက် အဆင်မပြေကြောင်း အသက် ၂၆ နှစ်အရွယ် နိုင်ငံခြား သင်္ဘောသား အမျိုးသားတစ်ဦးက ပြောကြားသည်။
“ဟိုမှာရှာလို့ရတဲ့ငွေ ပြန်ထည့်လာချင်ရင် အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

လစဉ်ကြေး ပေးဆောင်ရန် မလိုသော MAB Multi-Currency Travel Prepaid Card ကို အသုံးပြုလိုပါက ကျပ်ငွေ ၁၂,၀၀၀ ကို MAB ဘဏ်တွင် ပေးသွင်းရမည် ဖြစ်ပြီး ATM စက်များတွင် ငွေ ထုတ်ယူတိုင်း ကန်ဒေါ်လာ ၃ ဒေါ်လာ ဖြတ်မည်ဖြစ်ကာ ကတ်သက်တမ်းမှာ သုံးနှစ် ဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

MAB Multi-Currency Travel Prepaid Card ကတ်ကို အသုံးပြုပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀ မှ အမေရိကန်ဒေါ်လာနှင့် ညီမျှသော ပမာဏကို ထည့်သွင်းရမည် ဖြစ်ပြီး ATM စက်များတွင် ငွေထုတ်ယူပါက တစ်ရက်လျှင် ကန်ဒေါ်လာ ၅၀၀ နှင့် ညီမျှသော ပမာဏကိုသာ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း MAB Bank ကထုတ်ပြန်သည်။

နိုင်ငံတကာတွင် ငွေထုတ်ယူနိုင်ပြီး မြန်မာနိုင်ငံသားများ သုံးစွဲနိုင်မည့် EASI Travel Master Card နိုဝင်ဘာလ အတွင်းက သမဝါယမဘဏ် လီမိတက်နှင့် Master Card ကုမ္ပဏီတို့ ပူးပေါင်း၍ စတင် ထုတ်လုပ်ခဲ့သည်။

မြန်မာတွင် ATM Card များကို အစိုးရသစ် တက်လာပြီး နောက်ပိုင်း ၂၀၁၁ ခုနစ်တွင် စတင်အသုံးပြုခွင့် ရရှိခဲ့ပြီး ပြည်တွင်းတွင် နိုင်ငံတကာ ငွေပေးချေမှု ကတ်များမှ ငွေထုတ်ယူ သုံးစွဲခွင့်ကို ၂၀၁၂ နိုဝင်ဘာတွင် စတင်ခွင့်ပြုခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U