Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

မုဒုံ၌ ဘုန်းကြီးပျံကို အကြောင်းပြ၍ လောင်းကစားဝိုင်း သုံးလကြာကျင်းပ




မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ဂနိမ်း ကျေးရွာရှိ သုဓမ္မာ ဂိုဏ်းခေါင်းဆောင် ကော့ခဘီး ကျောင်းထိုင် ဆရာတော်ကြီး ဘဒ္ဒန္တဝါယမ ပျံလွန်တော်မှုခြင်းကို အကြောင်းပြုကာ ကော့ခဘီး ရပ်ကွက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ နာမည်ကို အသုံးပြု၍ တရားမဝင် လောင်းကစားဝိုင်းများကို သုံးလကြာ ၂၄ နာရီပတ်လုံး ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောကြားသည်။

လောင်းကစားဝိုင်းများ နိုဝင်ဘာလ တတိယပတ်မှစ၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်းပိုင်းအထိ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း၊ ယင်းကစားဝိုင်းများ၌ အနီထောင် ကစားဝိုင်းများ၊ အန်စာတုံး ကစားဝိုင်းများ၊ ရွှေဘောလုံးများ၊ ဖဲဝိုင်းများ၊ ဂျင်ကစား ဝိုင်းများ ပါဝင်ကြောင်းနှင့် စနေနှင့် တနင်္ဂနွေ ရက်များတွင် ကြက်ဝိုင်းများကိုပါ ထည့်သွင်း၍ လောင်းကစား ပြုလုပ်လျက် ရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် ကျပ်သိန်း ၅၀ ထက် မနည်းသည့် ငွေကြေး ထောက်ပံ့ပေးမည်ဟုဆိုကာ အထက်ပါ လက်နက်ကိုင်အဖွဲ့မှ သုံးလကြာ လောင်းကစားဝိုင်း လာရောက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ကော့ခဘီး ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့မှ နာယက ဦးတင်လှိုင်က ဆိုသည်။

လောင်းကစားဝိုင်း ပြုလုပ်ခြင်းကို ခွင့်ပြုထားခြင်း မရှိသော်လည်း မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တစ်ပတ်လျှင်တစ်ကြိမ် အကြောင်းကြားစာ ပေးပို့ ထားကြောင်း၊ လောင်းကစားဝိုင်းကို DKBA လက်နက်ကိုင်အဖွဲ့မှ လုပ်ကိုင်ခြင်း ဖြစ်ကြောင်းနှင့် မေးမြန်းလိုပါက DKBA အရာရှိအား ခေါ် ယူပေးမည် ဖြစ်ကြောင်း မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဂိုက ပြောကြားသည်။

ဘုန်းကြီးပျံပွဲများတွင် ပွဲဈေးတန်းနှင့် ဇာတ်ပွဲများကိုသာ ခွင့်ပြုလျက်ရှိပြီး လောင်းကစားဝိုင်းဖြင့် ရန်ပုံငွေရှာရန် မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ကစားဝိုင်းများ ပြုလုပ်နေခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ မသိရှိထားသည့်အပြင် ခွင့်ပြုထားခြင်း လည်း မရှိကြောင်း မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးက ပြောဆိုသည်။
“ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ကလည်း ခွင့်ပြုထားတာ မရှိဘူး၊ လောင်းကစားဝိုင်းတွေ တကယ်ရှိတယ် ဆိုရင်လည်း တားဆီးပေးပါ့မယ်၊ လောင်းကစားဝိုင်းတွေ ရှိကြောင်း ကျွန်တော်တို့ကို အကြောင်းကြားတာနဲ့ ချက်ချင်းစိစစ် ပေးသွားမှာပါ” ဟု မုဒုံမြို့နယ် ရဲမှူး ဦးငွေသိန်းက ရှင်းပြ ပြောဆိုသည်။

မုဒုံမြို့နယ်ရှိ သုဓမ္မာဂိုဏ်းဝင် ဘုန်းကြီးကျောင်း ၂၃ ကျောင်းကို အုပ်ချုပ်ခဲ့ပြီး စိတ်ရောဂါ ဝေဒနာရှင် လူနာများကို တိုင်းရင်းဆေးများဖြင့် ကုသပေးခဲ့သည့် ဆရာတော်ကြီး ဘဒ္ဒန္တဝါယမသည် တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့) မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၃ ဝါတွင် ပျံလွန်တော်မူခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U