Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

ရန်ကုန် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရန် လွှတ်တော်တွင် အဆိုတင်သွင်း




ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်၌ ယာဉ်များ အချိန်ပြည့် ပိတ်ဆို့နေသည့်အတွက် ခရီးသွား ပြည်သူများ လမ်းပေါ်၌သာ အချိန်ကုန်နေရခြင်းကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ အဆို တင်သွင်းထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းကိုလှက ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းရေးအဆို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုကို ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ထပ်မံ ဆွေးနွေးရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့တော်အတွင်း အချိန်အခါမရွေး လမ်းများပေါ်တွင် ယာဉ်များ ပိတ်ဆို့နေသည့်အတွက် ခရီးသွား လုပ်သား ပြည်သူများ မိမိလိုရာ ခရီးသို့ အချိန်မီ မရောက်ရှိဘဲ လမ်းပေါ်တွင်သာ အချိန်ကုန် နေရသည့်အတွက် အဆိုပါ ယာဉ်ကြော ကျပ်တည်း ပိတ်ဆို့မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့နေ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်း ဒေါက်တာဝင်းကိုလှက လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
“ခုဆိုရင် ကားတွေ များလွန်း လာတာကြောင့် ဝန်ထမ်းတွေ၊ တက္ကသိုလ် ကျောင်းသားတွေ အသွားအပြန် လမ်းပေါ်မှာပဲ အချိန်ကုန်နေတယ်။ အရေးပေါ် ကျန်းမာရေး အခြေအနေဆိုရင် ယာဉ်ကြော ပိတ်ဆို့မှုက တကယ် အခက်တွေ့စေပါတယ်” ဟု ဒေါက်တာဝင်းကိုလှက ဆိုသည်။

ယာဉ်ကြော ပိတ်ဆို့မှု အများစုမှာ စီမံခန့်ခွဲမှု အားနည်းခြင်း၊ ယာဉ်မောင်း ယာဉ်ပိုင်ရှင်များ စည်းကမ်း မလိုက်နာခြင်း တို့ကြောင့် ဖြစ်ပြီး အရေးယူ ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကြိုးကြားကြိုးကြား အရေးယူမှုကို လူထုက ငြီးငွေ့နေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ရန်ကုန်မြို့တော် လမ်းမအသီးသီး၌ အချိန်အခါမရွေး ယာဉ်ကြော ပိတ်ဆို့မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်လူထု ပူးပေါင်း ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် ဆိပ်ကမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ထောက်ခံသည်။

ခုံးကျော်တံတားများ တည်ဆောက်ခြင်းမှာ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို သက်သာစေရုံသာ ဖြစ်ပြီး အလုံးစုံ ပြေလည်ရန် ရေရှည် စီမံချက်ချ၍ ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ ပြောင်းလဲခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လမ်းပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦ မလုံလောက်ခြင်းနှင့် ယာဉ်မောင်း အချို့၏ စည်းကမ်း မလိုက်နာမှု တို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ကြုံတွေ့ ခဲ့ရကြောင်း မြို့ပြ တည်ဆောက်မှုဆိုင်ရာ ပညာရှင် အချို့က ထောက်ပြ ပြောဆိုထားသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့ အတွင်းတွင် မော်တော်ယာဉ် အစီးရေ လေးသိန်းကျော် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U